-->

မီနူး

သစ္စာ ( ၄ ) ပါး

Tuesday 14 May 2013.
အဓွန့်ရှည်စွာ ဘယ်မျှကြာလည်း တစ်ခါတစ်ဖန် မဖောက်ပြန်ပဲ အစဉ်အမြဲကို သစ္စာဆို၏။
ထိုသစ္စာကား လေးထွေပြား၏။ လေးပါးသရုပ် အမှန်ထုတ်သော် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။
ခန္ဓာငါးလီ၊ ဘုံလောကီကို၊ ဒုက္ခဆိုလော၊
ထိုဒုက္ခပေါင်း ပွါးကြောင်းအမှု လောဘစုမှာ သမုဒယ အမည်ရ၏။
လောဘခပင်း အကြွင်းမရှိ ချုပ်ငြိမ်းဘိသည့် သန္တိသဘော အစဉ်ချောကို နိရောဓဟူ၊
ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို မဂ္ဂဆို၏။ (လယ်တီဆရာတော်ဘုရားကြီး)



အချိန်ကာလ မည်မျှပင်ကြာစေကာမူ တကြိမ်တခါ တဖန်တခါမျှ မဖောက်ပြန်ဘဲ မှန်ကန်သော သဘော သည် သစ္စာဟု ခေါ်ပါသည်။
ထိုသစ္စာမှာ (၄)ပါးရှိပေသည်။
  1. ဒုက္ခသစ္စာ
  2. သမုဒယသစ္စာ
  3. နိရောဓသစ္စာ
  4. မဂ္ဂသစ္စာ
တို့ ဖြစ်၏။
–(ခန္ဓာငါးလီ၊ ဘုံလောကီကို၊ ဒုက္ခဆိုလော၊)
လောကီ ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ ဖြစ်သည်။
–(ထိုဒုက္ခပေါင်း ပွါးကြောင်းအမှု လောဘစုမှာ သမုဒယ အမည်ရ၏။)
ဒုက္ခဖြစ်ကြောင်း ပွားကြောင်းအမှုသည် သမုဒယသစ္စာ ဖြစ်သည်။
လောကီခန္ဓာ ဖြစ်ပွားကြောင်း အရင်းခံမှာ အကျဉ်းချုပ်အားဖြင့် တဏှာ (၃)ပါးကြောင့် ဖြစ်ပေသည်။
  1. ကာမတဏှာ
  2. ဘ၀တဏှာ
  3. ၀ိဘ၀တဏှာ
တို့ဖြစ်သည်။
ကာမတဏှာ ဆိုသည်မှာ အာရုံ (၆)ပါးလုံး အပေါ်၌ဖြစ်စေ အာရုံတပါးပါး ပေါ်၌ဖြစ်စေ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တို့နှင့် ယှဉ်တွဲမှုမရှိဘဲ ရိုးရိုး တွယ်တာ တပ်မက်သော လောဘတဏှာ ဖြစ်သည်။
ဘ၀တဏှာ ဆိုသည်မှာ အာရုံ (၆)ပါးကိုပင် အတ္တနှင့် ယှဉ်တွဲ၍ စွဲလမ်း ယုံကြည်မှု၊ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲ၍ စွဲလမ်းယုံကြည်မှု တွယ်တာမှု ကို ခေါ်ဆိုသည်။ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲ၍ တွယ်တာမှုသည် ဘ၀တဏှာ ဖြစ်၏။
ဝိဘ၀တဏှာ ဆိုသည်မှာ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲဖြစ်သော၊ ဘ၀ပြတ်ခြင်း၌ တွယ်တာ တပ်မက်တတ်သော လောဘတဏှာ ဖြစ်၏။
[စာမျက်နှာ ၆၅ ၊ဓမ္မစကြားတရားတော် - ဖားအောက်တောရဆရာတော်ဘုရားကြီး]
သမုဒယသစ္စာဆိုသည်မှာ အကျဉ်းချုပ်အားဖြင့် ထိုတဏှာ (၃)ပါးပင်ဖြစ်ပေသည်။
အကျယ်ပွားလျင် တဏှာ (၁၀၈)ပါး သည် သမုဒယသစ္စာ ချည်းပင်ဖြစ်၏။
အကျယ်ပွားဆိုရလျင်..ရှေးဦးစွာ တဏှာ (၃)ပါးကို အာရုံ (၆)ပါးဖြင့် မြှောက်ရသည်။ ဆိုလိုသည်မှာ…
ရူပါရုံ၌ ဖြစ်သော ကာမတဏှာ
သဒ္ဒါရုံ၌ ဖြစ်သော ကာမတဏှာ
ဂန္ဓာရုံ၌ ဖြစ်သော ကာမတဏှာ
ရသာရုံ၌ ဖြစ်သော ကာမတဏှာ
ဖောဋ္ဌဗ္ဗာရုံ၌ ဖြစ်သော ကာမတဏှာ
ဓမ္မာရုံ၌ ဖြစ်သော ကာမတဏှာ…..ဟူ၍ အာရုံ (၆)ပါး၌ ကာမတဏှာ (၆)ပါး ဖြစ်ပေမည်။
ထိုအတူ..ဘ၀တဏှာသည်လည်း ..
ရူပါရုံ၌ ဖြစ်သော ဘ၀တဏှာ
သဒ္ဒါရုံ၌ ဖြစ်သော ဘ၀တဏှာ
ဂန္ဓာရုံ၌ ဖြစ်သော ဘ၀တဏှာ
ရသာရုံ၌ ဖြစ်သော ဘ၀တဏှာ
ဖောဋ္ဌဗ္ဗာရုံ၌ ဖြစ်သော ဘ၀တဏှာ
ဓမ္မာရုံ၌ ဖြစ်သော ဘ၀တဏှာ..ဟူ၍ အာရုံ (၆)ပါး၌ ဘ၀တဏှာ (၆)ပါး ဖြစ်ပေမည်။
ထို့အတူ ၀ိဘ၀တဏှာသည်လည်း အာရုံ (၆)ပါးကို လိုက်၍ (၆)ပါး ဖြစ်ပေမည်။
ကာမတဏှာ (၆)ပါး၊ ဘ၀တဏှာ (၆)ပါး၊ ၀ိဘ၀တဏှာ (၆)ပါး..ဟူ၍ အားလုံးပေါင်း တဏှာ (၁၈)ပါး ဖြစ်ပေမည်။..
ထို တဏှာ (၁၈)ပါးသည် အတိတ်တုန်းကလည်း ဖြစ်ခဲ့ပေမည်၊ ယခု ပစ္စုပ္ပန်တွင်လည်း ဖြစ်ပေမည်၊ နောင်အနာဂတ် နောက်ရက် နောက်လ နောက်နှစ်များမှာလည်း ဖြစ်ပေမည်..ထို့ကြောင့် ကာလ (၃)ပါးနှင့် ဆင့်၍ မြှောက်သော်..
အတိတ်တဏှာ (၁၈)ပါး..
ပစ္စုပ္ပန်တဏှာ (၁၈)ပါး
အနာဂတ်တဏှာ (၁၈)ပါး..ဟူ၍ ရပေမည်။
(၁၈ x ၃) = ၅၄ …တဏှာ (၅၄)ပါး ရပေမည်…
ထို့နောက် တဏှာ (၅၄) ပါးကို သန္တာန် (၂)ပါး နှင့် မြှောက်ရပေမည်..
မိမိ သန္တာန် ၌လည်း လောဘတဏှာ (၅၄)ပါး သူတပါး သန္တာန်၌လည်း လောဘတဏှာ (၅၄)ပါး…
(၂)ရပ်ပေါင်း တဏှာ (၁၀၈)ပါး ရပေမည်။
ထို လောဘတဏှာ (၁၀၈)ပါးကိုပင် သမုဒယသစ္စာ ဟုခေါ်ပါသည်.
ထိုတဏှာတို့သည် ဒုက္ခဖြစ်ကြောင်း ပွားပေါင်းအစု သမုဒယ သစ္စာ ပင်ဖြစ်၏။
ထို့ကြောင့် သမုဒယသစ္စာ ဆိုသည်မှာ အကျဉ်းချုပ်အားဖြင့်..တဏှာ (၃)ပါး
အကျယ်အားဖြင့် တဏှာ (၁၀၈)ပါး ပင်ဖြစ်၏။
–(လောဘခပင်း အကြွင်းမရှိ ချုပ်ငြိမ်းဘိသည့် သန္တိသဘော အစဉ်ချောကို နိရောဓဟူ၊)
လောဘတဏှာ (၁၀၈)ပါးတို့ ချုပ်ငြိမ်း ရုပ်သိမ်းရာ ဖြစ်သော သန္တိသဘောဖြင့် အမြဲထာဝစဉ် ငြိမ်းအေး ချောမွတ်နေသော ပရမတ္ထတရား တစ်မျိုးသည် အမှန်ပင် ရှိ၏။..
ထို ပရမတ္ထတရားသည် နိရောဓသစ္စာ ပင်ဖြစ်ပေသည်။
(ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို မဂ္ဂဆို၏။)
မဂ္ဂင် (၈)ပါးသည် မဂ္ဂသစ္စာပင် ဖြစ်၏။
မဂ္ဂင် (၈)ပါးဆိုသည်မှာ…
  1. သမ္မာဒိဋ္ဌိ = ကောင်းသော အမြင်၊ မှန်သော အမြင်ကို မြင်ခြင်း
  2. သမ္မာသင်္ကပ္ပေါ = ကောင်းသော မှန်သော အကြံကို ကြံခြင်း
  3. သမ္မာဝါစာ = ကောင်းသော မှန်သော စကားကို ပြောဆိုခြင်း
  4. သမ္မာကမ္မန္တော = ကောင်းသော မှန်သော အမှုကို ပြုခြင်း
  5. သမ္မာအာဇီဝေါ = ကောင်းသော မှန်သော အသက်မွေးမှုကို အသက်မွေးခြင်း
  6. သမ္မာဝါယာမော = ကောင်းသော မှန်သော အလုပ်တို့ကို အားထုတ်ခြင်း
  7. သမ္မာသတိ = ကောင်းသော မှန်သော တရားတို့ကို မမေ့ မလျော့ခြင်း
  8. သမ္မာသမာဓိ = ကောင်းသော အာရုံ၌ စိတ်၏ တည်ကြည်ခြင်း (ကောင်းသော စိတ်၏တည်ကြည်ခြင်း)
…တို့ဖြစ်၏။
အောက်ပါတရားတော်မှ ရေးသားထားသည်.
သစ္စာ (၄)ပါးတရားတော် – မင်းကွန်းဆရာတော်ဘုရားကြီး

Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |